သာပေါင်း နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခြင်း၊ အမိုးလန်ပျက်စီးခြင်းဖြင့် ထိခိုက်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများထံ ထောက်ပံ့ပစ္စည်းများကို ပြည်အေးခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးကိုနိုင်နှင့် တာဝန်ရှိသူများက ထိခိုက်ခံစားခဲ့ရသူများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံသို့ ပေးအပ်ကြသည်။
အောက်တိုဘာလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်အတွင်းရှိ ကျားရဲ၊ ဘုရားနီ၊ ထန်းဇင်လှ၊ ထန်းတပင်၊ ကျုံဒဒွန်း၊ သရက်ကုန်း၊ ကျီးပင်ကျေးရွာအုပ်စုများရှိ နေအိမ်များပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းများဖြစ်ပေါ်ကာ ထိခိုက်ဆုံးရှုံးခဲ့သည့်အတွက် နေအိမ်ပြို(၁၁)လုံး၊ အမိုးလန်(၆)လုံးရှိ မိသားစုများအတွက် တစ်အိမ်ထောင်စုလျှင်၊ ပစ္စည်း(၁၉)မျိုးပါ တစ်ကိုယ်ရည်သုံးပစ္စည်းများ(Hygiene kit)၁ လုံး(တစ်လစာ)၊စောင် ၁ ထည်၊ အမိုးလန်နေအိမ် မိသားစုတစ်စုအတွက် ပစ္စည်း(၉)မျိုးပါ တစ်ကိုယ်ရည်သုံးပစ္စည်းများ (Hygiene parcel) ၁ လုံး(တစ်ပတ်စာ)နှင့် စောင်(၁)ထည်တို့ကို ထောက်ပံ့ပစ္စည်းများကို ထိခိုက်ခံစားရသူများနှင့် ၎င်းတို့၏ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုး ကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း