ကျုံပျော် နိုဝင်ဘာ ၄
ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ရရှိရေးအတွက် ဆီထွက်နေကြာ သီးနှံများကို စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးမှုစနစ်တကျ ရှိစေရေးအတွက် သီးညှပ်၊ သီးထပ် စိုက်ပျိုးရန်နေရာများအား ကွင်းဆင်းကြီးကြပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော် မြို့နယ်တွင် ယမန်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ ကွင်းဆင်းကြီးကြပ်အဖွဲ့များက ကျုံပျော်မြို့နယ် အတွင်းရှိ အဓိကလမ်းမကြီးများ နံဘေးတွင် နေကြာ တိုးချဲ့ စိုက်ပျိုးသွားနိုင်ရေး၊ လုပ်ငန်းများ စနစ်တကျ ရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံကာ နေကြာစိုက်တောင်သူများ အနေဖြင့် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြရန်၊ ရပ်ကျေးအဖွဲ့မှလည်း တောင်သူများ၏ လိုအပ်ချက်များ အား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ပေးသွားရန်တို့ကို လိုက်လံရှင်းလင်း ပြောကြားကြသည်။
ထို့အပြင် မြန့်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာမှလည်း ဆောင်းသီးနှံချေးငွေနှင့် နေကြာသီးနှံ ချေးငွေ ကိစ္စရပ်များအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများကလည်း နေကြာ စိုက်ပျိုးရေး နည်းစနစ်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားကြပြီး နေကြာစိုက်ပျိုးမည့် လယ်မြေများသို့ ကွင်းဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် နေကြာစိုက်ပျိုးရန် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၂)ခုရှိပြီး၊ သီးသန့် (သီးထပ်) ၇၅ % (၈၃၃၀) ဧကနှင့် သီးညှပ် ၂၅ % (၂၇၇၆) ဧက၊ စုစုပေါင်း (၁၁၁၀၆)ဧက လျာထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)