ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြပွဲ၊ ရှင်းလင်းပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ   နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြပွဲ၊ ရှင်းလင်းပြသနိုင်ရေးဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည် နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ တင်ပြဆောင်ရွက်ခြင်း၊ ပြခန်းများ ခင်းကျင်းပြသခြင်းတို့နှင့်စပ်လျဉ်း၍ အဆင်ပြေချောမွေ့ရေး၊ စနစ်တကျရှိစေရေး၊ ပြည့်ပြည့်စုံစုံတင်ပြနိုင်ရေး၊ MSME လုပ်ငန်းကဏ္ဍများ အောင်မြင်အောင်အကောင်အထည် ဖော်ဆောင်ရွက်နိုင် ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပရခြင်း ဖြစ် ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များခရီးစဉ်တွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ကြရန် လမ်းညွှန်မှုများပြုခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍမှာ ပါဝင်နေသဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမှာ ဖြစ်ကြောင်း၊ ပြည်တွင်းမှာ လိုအပ်သည့်ပစ္စည်းများကို ပြည်တွင်းမှာပင် ထုတ်လုပ်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းပေးရာ ရောက်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုသကဲ့သို့ လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့် အခက်အခဲများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြပွဲ၊ ရှင်းလင်းပြသနိုင်ရေးကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြသည်။ထို့နောက် ပြည်နယ်အစိုးရ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြပွဲ၊ ရှင်းလင်းပြသနိုင်ရေးနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြ သည်။ ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများအား ရှင်းလင်းတင်ပြကြပြီး MSME လုပ်ငန်းရှင်များက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်းသည့် ပြပွဲ၊ ရှင်းလင်းပြနိုင်ရေးနှင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကားပြော ကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)