ကျောင်းကုန်း နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကာဂရက်အုပ်စု၊ စာဖြူစုကျေးရွာ ဘုရားကုန်းရွှေဗဟိုရ် ပါရမီကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင် တို့ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းသည် ကြာဂရက် အုပ်စုရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၅၇)ဦးနှင့် ဒေသခံပြည်သူ (၁၂၃)ဦး၊ စုစုပေါင်း (၁၈၀)ဦးတို့နှင့် တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ဆွေးနွေးပြောကြားပြီး စားသုံးဆီ ဖူလုံစေရေး နေကြာကို စိုက်ပျိုးကြဖို့ ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ဆိုင်ကယ်စီးနင်း/ မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါသော ဦးထုပ်ကို ဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက် ပိုမစီးရေး စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရန်၊ ည(၁၂)နာရီမှ နံနက် (၄)နာရီအချိန်ထိ ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း အသိပညာပေး ဟောပြော ခဲ့ကြသည်။
ဟောပြောပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)