ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင်  မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

မောင်တော နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်း ယနေ့နံနက် ၉ နာရီအချိန်  အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်များ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးနှင့် ဆရာ ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ကိုင်းကြီး ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောင်တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ကျောင်းသား၊ ကျောင်းသူ လေးများက ကထိန်အကြောင်း သိကောင်းစရာများကို ရှစ်လုံးဖွဲ့ကဗျာဖြင့် ရွတ်ဖတ်ခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးနှင့် ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ကထိန်မ သင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ဝတ္တူ ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလိုတော်ပြည့် ဆရာတော် ဘုရားထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးခဲ့ကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဘုရားဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကြပြီး ဆရာတော် ၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)