ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ ဆောင်းနေကြာစိုက်ပျိုးပွဲကျင်းပ

ပြည် နိုဝင်ဘာ ၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများပူးပေါင်းဆောင်ရွက်လျက်ရှိကာ ယနေ့နံနက်ပိုင်းက ပြည်မြို့ နဝဒေးတံတားအနီး ဆောက်လုပ်ရေးဧည့်ရိပ်သာအနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနုကျွန်း‌မြေနေရာများ၌ ပြည်ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ ဆီထွက်သီးနှံဆောင်းနေကြာ(၈)ဧက စုပေါင်းစိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ယင်းစိုက်ပျိုးပွဲသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးပြီး စိုက်ပျိုးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းအဖွဲ့က အဆိုပါမြေနုကျွန်းနေရာ၌ စိုက်ပျိုးရေးဦးစီးဌာန၏ ဆင်းရွှေကြာ(၁) မျိုးစေ့သန့်များဖြင့် ဆောင်းသီးနှံနေကြာ(၈)ဧကစိုက်ပျိုးခြင်းဖြစ်သည်။

ပြည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ဆောင်းနေကြာဧက(၁၀၀၀)ကျော် စိုက်ပျိုးရန်ရည်မှန်းလျာထားပြီး ယင်းလျာထားဧကများတွင် ဆင်းရွှေကြာ(၂)မျိုးစေ့များဖြင့် စိုက်ပျိုးမည်ဖြစ်ကာ အထူးအနေဖြင့် ဆင်းရွှေကြာ(၁)မျိုးဖြင့် (၂၈)ဧကသီးသန့်စိုက်ပျိုးဆောင်ရွက်မည်ဖြစ်‌ကြောင်းနှင့် အဆိုပါရည်မှန်းလျာထားဧက(၁၀၀၀) ကျော်စိုက်ပျိုးနိုင်ရန်‌အတွက်  စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းဆောင်းနေကြာစိုက်တောင်သူများထံ သန့်စင်ပြီးနေကြာမျိုးစေ့များဖြန့်ဖြူးပေးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှသိရသည်။

ထို့အပြင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ပြည်မြို့နယ်၏ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် သွင်းအားစုများအပါအဝင် မျိုးကောင်းမျိုးသန့်များရရှိရေး၊ ရာသီအလိုက်စိုက်ပျိုးသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေးနှင့် ပိုးမွှားများကင်းစင်ပြီး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာပေးသင်တန်းများနှင့် အသိပညာပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)