ပေါင်းတည်မြို့နယ်တွင် (နဝမ)အကြိမ်စုပေါင်းမဟာဘုံကထိန်နှင့် (ပဥ္စမ)အကြိမ် သိက္ခာထပ်အလှူတော်မင်္ဂလာပွဲကျင်းပ

ပေါင်းတည် နိုဝင်ဘာ ၃

ပဲခူးတိုင်းဒေကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နဝမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ပဉ္စမအကြိမ်မြောက် သိက္ခာထပ်အလှူတော်မင်္ဂလာပွဲကို ယနေ့နံနက်ပိုင်းက မြတ်စောညီနောင် အတွင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသန့်နှင့်ဇနီးဒေါ်ဇင်ဇင်လေးနှင့် ဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအုပ်ချုပ်ရေးမှူးများက သဲကုန်းကျောင်းဆရာတော်ထံမှ တရားနာယူကာ အလှူရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ဗုဒ္ဓဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ် ၃၆ ပါးအား ဘုံကထိန်သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းအစုစုကို ဆက်ကပ်လှူဒါန်းကာ မြတ်စောညီနောင်အတွင်း ကျောင်းဆရာတော်အရှင်ပဏ္ဍိတအား ပုနောပသမ္ပဒသိက္ခာထပ် အလှူတော်မင်္ဂလာပြုပြီးနောက် သံဃာတော်အရှင်သူမြတ်များအား မွန်းတည့်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဖိတ်ကြားထားသော အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဦးစီးမှူးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဧည့်ပရိသတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)