ဖားဆောင်း စက်တင်ဘာ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ကော်မတီ၏ ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဌ ဦးအောင်ထွန်းက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည့်အတွက် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူ များအကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း လွယ်ကူမြန်ဆန်စွာ ညှိနှိုင်းဖြေရှင်းနိုင်ရန် အတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ကော်မတီ၏ ကြိုတင်လုပ်ငန်းညှိနှိုင်း စည်းဝေးပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဦးကျော်သူရ က မဲဆွယ်စည်းရုံးရေးကာလတွင် ညွှန်ကြားချက်များနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရေးရှင်းလင်းဆွေးနွေးပြီး ကော်မတီဝင်များက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များကို ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)