ပေါင်းတည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ပေါင်းတည် နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသန့်က အမှာစကားပြောကြားရာတွင် သားတို့၊ သမီးတို့ကျောင်းသားကျောင်းသူလေးများအနေနဲ့ ငယ်ရွယ်နုနယ်သူများဖြစ်လို့၊ မသမာသူလူပွဲစားများ၏ မာယာလှည့်ကွက်ထဲသို့ မကျရောက်မိအောင် ယခုလို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ လာရောက်ဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲစု(ပြည်)မှ ရဲအုပ်ထွန်းညွန့်က လူကုန်ကူးမှုအကြောင်းကို ပရိုဂျက်တာရုပ်ပုံစာသားများနှင့်တကွ ရှင်းလင်း၍ အကျယ်တဝံ့ဟောပြောသည်။ ဆက်လက်၍ ရဲအုပ်အောင်ဇော်မိုးက မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ရုပ်ပုံစာသားများနှင့်တကွ ပြသရှင်းလင်းဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့သည်။

ထို့နောက် ပေါင်းတည်အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ခင်သူဇာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားသို့ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)