ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ

ဝမ်းတွင်း အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ပဲခင်းကျော်ကျေးရွာအုပ်စု၊ တမာကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းမှ ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေးအတွက် စစ်ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဒေသအတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများနှင့် ရပ်ရွာအေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်မှ တပ်မတော်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပပေးရန် ဆောင်ရွက်နေမှု အခြေအနေများ၊  နယ်မြေအတွင်းဆောင်ရွက်လျက်ရှိသော တည်ငြိမ်းအေးချမ်းရေး၊ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ယာယီရဲမှူး ဝင်းကျော်သူမှ ခိုးဆိုးလုနှိုက်နှင့် ဒုစရိုက်မှုများ ဖြစ်ပွားမှုမရှိစေရေး၊ ထူးခြားမှု ဖြစ်စဉ်များရှိပါက ပြည်သူများအနေဖြင့် သတင်းပေးကြရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးရေ၊ လျှပ်စစ်မီးဆိုင်ရာ လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြပြီး တမာကုန်း ကျေးလက်ကျန်းမာရေးဌာန၊ ကျန်းမာရေးဆရာမ ဒေါ်တင်တင်အောင်မှ ကိုဗစ်-၁၉ရောဂါမျိုးကွဲ အကြောင်း သိကောင်းစရာ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပြီး အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပြီး (၆)လအထက်ရှိသူ ဒေသခံပြည်သူ(၆၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲသို့ ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ယာယီရဲမှူး ဝင်းကျော်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)