အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ

ပုသိမ် အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ပုသိမ်မြို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ငြိမ်းမှ အမှာစကား ပြောကြားရာတွင် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး ကလေးအလုပ်သမား ပပျောက်စေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင် စားသောက် နေထိုင်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလတွင် မခိုမကပ်ဘဲ ဆရာများ၏ သင်ကြားပို့ချမှုများကို စနစ်တကျ လေ့လာဆည်းပူး သင်ယူကြ စေလိုကြောင်း၊ သင်ယူရရှိလာမည့် အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်နိုင်ကြပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်သည့်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း၊ အခြားသော သက်ဆိုင်ရာ ဌာနဆိုင်ရာများမှလည်း လာရောက်သင်ကြား ပို့ချခြင်းများ ပြုလုပ် ဆောင်ရွက်သွား ကြမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းသေကြီအလုပ်သမား ညွှန်ကြားရေးဦးစီးဌာန သင်တန်းကျောင်းကျောင်းအုပ်ကြီး ဦးသူရနိုင်မှ သင်တန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သင်တန်းသား/သူများအား သင်ခန်းစာများ ဆက်လက် ပို့ချခဲ့ကြသည်။ 

ယနေ့ ဖွင့်လှစ်သည့် သင်တန်းသို့ ပုသိမ်မြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများမှ သင်တန်းသား/သူ ၂၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၄ ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြင့်ဟန်(ခရိုင်ပြန်/ဆက်)