အုတ်တွင်းမြို့၌ ဌာနဆိုင်ရာများ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

အုတ်တွင်း အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဌာနဆိုင်ရာများ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီက နိုင်ငံတော်၏စီမံချက်ဖြစ်သည့် သီးနှံစိုက်ဧကပြည့်မီရေး၊ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများအား သက်ဆိုင်ရာဌာနမှ ပြန်လည်စိစစ်ရန်၊ မြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်(၄)ကြိမ်ထိုးနှံနိုင်စေရေး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံသားစိစစ်ရေးကတ် အပိုကိုင်ဆောင်ထားမှုရှိ/မရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တိကျစွာစိစစ်ဆောင်ရွက်သွားရန် ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီက မြို့နယ်အေးချမ်းသာယာရေးအတွက် အဘက်ဘက်မှ မျက်ခြည်မပြတ် တာဝန်သိစွာ ပြည်သူ့အကျိုးရှေးရှု၍ ပူးပေါင်းဆောင်ရွက်ကြရန် ဌာနဆိုင်ရာများအားမှာကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အေမင်းရည်စော(ပြန်/ဆက်)