ဘားအံ အောက်တိုဘာ ၂၈
ကရင်ပြည်နယ် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းသည် အလွန်တရာမှအရေးကြီးပါကြောင်း၊ မြေပြင်ကွင်းဆင်းဆောင်ရွက်သည့်အဖွဲ့များ အနေဖြင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ရန်လိုပြီး လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဖြည့်စွက်တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)