ဘားအံမြို့နယ်၊ ကော့ထမ္မလိန်းကျေးရွာတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ဘားအံ အောက်တိုဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်ကစတင်၍  ကော့ထမ္မလိန်းကျေးရွာတွင်  အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှု ဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများပူးပေါင်း၍ ဆန် တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ်၁၅၀/-နှုန်းဖြင့် လည်းကောင်း၊  မြေပဲဆီ တစ်ဗူးလျှင် ငွေကျပ် ၄၀၀၀/- နှုန်းဖြင့်လည်းကောင်း  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ အခြေခံစားသောက်ကုန်များအား ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ပြီး ဒေသခံပြည်သူများ စားဝတ်နေရေးပြေလည်စေရေး ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)