လက်ပံတန်း အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဆင်းပွဲကို မြို့နယ်မီးသတ် ဦးစီးဌာန ခန်းမ၌ ယနေ့ နံနက် ၉ နာရီ ကျင်းပခဲ့သည်။ အခမ်းအနားတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) အတွင်းရေးမှုး ရဲမှူးတင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစီးအရာရှိ ဦးလင်းကျော်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ မီးသတ်စွမ်းရည် မြင့်မားရေး၊ သဘာဝဘေး အန္တရာယ်ဆိုင်ကြိုတင် ကာကယ်ရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း စွမ်းရည်များ မြင့်မားရေးအတွက် ရည်ရွယ်၍ အောက်တိုဘာ ၃ ရက်မှ ၂၈ ရက်နေ့ထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ပံတန်းမြို့နယ် ကျေးရွာအုပ်စု ၅၃ အုပ်စုမှ သင်တန်းတက်ရောက်ခဲ့သည့် အရန်မီးသတ် တပ်ဖွဲ့ဝင် (၅၀) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ် ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)