ဖျာပုံ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် ပညာရေးဌာနက ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က ဖျာပုံမြို့ အထက-၁ အောင်မြေခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အခြေခံပညာဦးစီးဌာန (ရုံးချုပ်)မှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲမှ ပညာရပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီးများအား စနစ်သစ်ပညာရေးမှာ နိုင်ငံတော်ကချမှတ်ထားသော မဟာဗျူဟာများ၊ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ၊ မူဘောင်အတွင်းကနေ မိမိကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများကို စနစ်တကျ စီမံခန့်ခွဲ့နိုင်မှသာလျှင် အရည်အချင်းရှိ၊ အရည်အသွေးရှိပြီး၊ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိတဲ့ လူသားအရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ်တာဝန်များနှင့် စည်ကမ်းများကို တန်ဖိုးထားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အနာဂတ် လမ်းပြသူများဖြစ်အောင် ကြိုးစားကြရန် ပြောကြားသည်။
အဆိုပါအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်အုပ်ဆရာကြီး၊ ဆရာမကြီး (၂၈၆)ဦး တက်ရောက်လျက်ရှိပြီး ဆွေးနွေးပွဲကို (၂၇-၁၀-၂၀၂၂)ရက်နေ့မှ (၂၈-၁၀-၂၀၂၂) ရက်နေ့ထိ (၂)ရက် ကြာဆွေးနွေးကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)