ဂန့်ဂေါ အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဌာနဆိုင်ရာများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိမိရုံးသန့်ရှင်းသာယာလှပရေး ရုံးအတွင်း/ အပြင်သန့်ရှင်းရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခရိုင်ကျန်းမာရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား/ ကျောင်းသူများ၏ ကျန်းမာရေးကိုအလေးထားပြီး ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဌာနများအနေဖြင့် လျှပ်စစ်မီတာခ ကြွေးကျန်များ မရှိအောင်ပေးဆောင်ကြရန်၊ နယ်မြေပြင်ပကို ခရီးသွားလာရန်လိုအပ်ပါက ခွင့်ကို ၁၀ ရက်ကြိုတင်ရန်လိုအပ်ကြောင်းနှင့် ခွင့်ပြုချက်ရမှာသာ ခရီးသွားလာကြရန် စသည့်အကြောင်းအရာများနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက စက်တင်ဘာလ တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများ၊ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များ၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေး အခြေအနေများ၊ ဌာနအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ဖြည့်ဆည်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)