လွိုင်ကော် အောက်တိုဘာ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လွိုင်ကော်မြို့၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသ တိုင်းရင်းသားသူများ၏ မိသားစုဘဝမြင့်မား လာစေရေးနှင့် မိမိနိုင်ငံအတွင်း လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ရည်ရွယ်၍ အခမဲ့ အသက်မွေးပညာ သင်တန်းများကို တာဝန်ယူဖွင့်လှစ် ပေးလျက်ရှိကြောင်း၊ အခြေခံသင်တန်းများပြီးမြောက်ပါက အဆင့်မြင့်သင်တန်းများ ဆက်လက်တက်ရောက်နိုင်ရေးနှင့် သက်ဆိုင်ရာဌာနများ၊ အထည်ချုပ်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိစေရေးအတွက် စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း သင်တန်းသူများ၏ အသက်မွေးဝမ်းကြောင်းပညာနှင့် အလုပ်အကိုင်များ ရရှိစေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးအေးသွင်က ဖွင့်လှစ်သင်ကြားမည့် သင်တန်းကာလမှာ (၂၂) ပတ် ကြာမြင့်မည်ဖြစ်ပြီး ပြည်နယ်အတွင်းနှင့် ရှမ်း၊ ကယားနယ်စပ်ရှိ မြို့နယ်အသီးသီးမှ သင်တန်းသူ (၃၀) ဦးတက်ရောက် မည်ဖြစ်ကြောင်းနှင့် သင်တန်းကာလ အတွင်း သင်ကြားပို့ချသွားမည့် ဘာသာရပ်များ၊ နေထိုင်စားသောက်ရေး ကိစ္စရပ်များအတွက် ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့က သင်တန်းကာလအတွင်း သင်တန်းသူများအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ်(၁၆)သိန်း (၅)သောင်းကို ပေးအပ်ခဲ့သည်။
၎င်းနောက် အိမ်တွင်းမှုသင်တန်းကျောင်းမှ ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်း၏ ခေတ်မီဒီဇိုင်းလက်ရာများ ကိုလည်းကောင်း၊ စာတွေ့လက်တွေ့ သင်ကြားပို့ချမည့် သင်တန်းခန်းမများ၊ အိပ်ဆောင်များနှင့် စားရိပ်သာဆောင်များကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ သွားရောက်ပြီး ညွှန်ကြားရေးမှူးရုံးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနနှင့်ဝန်ထမ်းများ၏ လုံခြုံရေးကိစ္စများရပ်များကို အထူးဂရုပြုကြရန်၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဝန်ထမ်းများ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအတွင်းရှိ ဌာနပိုင်စက်ယန္တရားများ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုနှင့် ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)