ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြန်အောင်တွင်ကျင်းပ

မြန်အောင် အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းရှိ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်က မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားသော ကျောင်းများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကဏ္ဍ ဘာသာရပ်ဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးများ ကျောင်းကိစ္စရပ်များ စီမံဆောင် ရွက်ရာတွင် ထူးချွန်ထက်မြက်သော၊ စွမ်းဆောင်ရည်မြင့်မားသော ဆရာကြီး၊ ဆရာမကြီးများ ပေါ်ထွန်းလာစေရန်၊ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကဏ္ဍဘာသာရပ်၊ စီမံကဏ္ဍဘာသာရပ်၊ ဘဏ္ဍာရေးကဏ္ဍဘာသာရပ်များ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း မြန်အောင်မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့် ထံမှသိရသည်။

ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း (၂၇၂) ကျောင်းမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြပြီး အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ နှစ်ရက်ကြာ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် ပညာရေးမှူးများက ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားသော ကျောင်းများအား ဆုများပေးအပ် ချီးမြှင့်ပွဲနှင့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင် ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်နှင့် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။

ဝင်းဗိုလ် မြန်အောင်