အိမ်မဲ အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့မစျေးကြီးတွင် ယမန်နေ့နံနက် ၁၁ နာရီက ဆောင်ရွက်သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံစိုးက မီးသတ်ဆေးဗူး အသုံးပြုပုံကို ရှင်းလင်း ပြောကြားခဲ့ပြီး ဆီမီးငြိမ်းသတ်နည်းကိုသရုပ်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်သည့် ရေယာဉ်(၂)စီးဖြင့် ရေထွက်ကို သရုပ်ပြခဲ့သည်။ ဆက်လက်ပြီး အိမ်မဲမြို့မစျေးကြီးမှ ရေစုပ်စက်ရေတင်နိုင်မှုနှင့် ကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် မြို့မစျေးကြီးမီးဘေးအန္တရာယ် ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်းကို သရုပ်ပြဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယခုဆိုရင် မြို့မစျေးကြီးအတွင်း စျေးဆိုင်များမှာလည်း မီးသတ်ဆေးဗူးထားရှိပြီး တုံ့ပြန်ဆောင်ရွက်နိုင်ရန် သင်ကြား ပြသထားရှိပြီးဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်က ပြောသည်။
ချစ်သက်လယ်(အိမ်မဲ)