ရသေ့တောင်မြို့၌ ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရသေ့တောင် အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်၊ ရ​သေ့တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပမည့် ဌာနဆိုင်ရာစုပေါင်း (၃၂)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နေ့လည်(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဌာနဆိုင်ရာ စုပေါင်း(၃၂)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလိုကြောင်း၊ ယခင်နှစ်များက အတွေ့အကြုံများကိုအခြေခံ၍ ဘုံကထိန်ပွဲတော်ကြီးဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းအကြုံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ငါးလုပ်ငန်းဦးစီး ဦးစံအောင်ကျော်မှ ကထိန်ပွဲတော်​ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပွဲဖြစ်မြောက်ရေးဦးစီးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ၊ ဘဏ္ဍာငွေကောက်ခံရေးကော်မတီ၊ ပွဲတော်ကျင်းပရေး လုပ်ငန်းဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက ယခင်နှစ်များက ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ယခုနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က လိုသည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ရက် သတ်မှတ်နိုင်ရေးအတွက်  မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့်ညှိနှိုင်းတိုင်ပင်၍ မြို့နယ်‌ထွေအုပ်ခန်းမတွင် ကျင်းပပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ပြီး မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းပွဲကိုပါ ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)