ပြည် အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)၌ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းကကျင်းပခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ ညွှန်ကြားရေးမှူး ဦးကျော်စွာက "ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးခြင်းသည် ဆေးကုသမှုခံယူပြီးသူများအား ပြန်လည်ထူထောင်ရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းများနှင့် စေတနာ့ဝန်ထမ်းကြီးကြပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ချရေးလုပ်ငန်းများတွင် အောင်မြင်မည်ဖြစ်ကြောင်း"ဖြင့် သင်တန်းဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးသင်တန်းသား ၂၀ အား ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးဆိုးကျိုး၊ မူးယစ်ဆေးစွဲခြင်းနှင့် စိတ်ကြွရူးသွပ်ဆေးများဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသင်း(MANA)မှ MANA ဘာသာရပ်အကြောင်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးသမိုင်းကြောင်းနှင့် မူးယစ်ဥပဒေများအကြောင်းတို့ကိုလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်(၅)ရပ်နှင့် စေတနာ့ဝန်ထမ်းအဖွဲ့ ဖွဲ့စည်းပေးရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြန်လည်သုံးစွဲခြင်းမှကာကွယ်ခြင်း၊ အစီရင်ခံခြင်း၊ စေတနာ့ဝန်ထမ်းကြီးကြပ်ရေးမှူးအသင်း၏ အခြေခံစည်းမျဉ်း၊ တာဝန်ဝတ္တရားများနှင့် နောက်ဆက်တွဲလုပ်ငန်းများအကြောင်းတို့ကိုလည်းကောင်း သင်တန်းကာလ ငါးရက်တာအတွင်းပို့ချဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်းများ၊ ဝက်ထီးကန်တိုက်နယ်အုပ်ချုပ်ရေးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် သင်တန်းသားများတက်ရောက်ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)