ပြည် အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များအား e-ID ကွန်ပျူတာဆော့ဖ်ဝဲ (software) ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးနှင့် ဂုဏ်ပြုခံဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဂုဏ်ပြုဧည့်ခံပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းက e-ID ကွန်ပျူတာဆော့ဖ်ဝဲ (software) ရေးသွင်းခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခဲ့သည့် တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပါဝင်ဆောင်ရွက်သူ ဝန်ထမ်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက စားသောက်ဖွယ်ရာများဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ကြသည်။
ပြည်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များအား e-ID ကွန်ပျူတာဆော့ဖ်ဝဲ (software) ရေးသွင်းမှုလုပ်ငန်း ဆောင်ရွက်ခြင်းကို ပြည်မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း (တိုင်းဒေသကြီးရုံးခွဲ) ခန်းမဆောင်၌ ယခုနှစ် ဇူလိုင်လ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း စုစုပေါင်း (၆၀၀၂၃) ခု၏ (ပုံစံ-၆၆/၆) အချက်အလက်များအား မြို့နယ်လဝကမှ ဝန်ထမ်း (၁၁) ဦးအပါအဝင် အခြားဌာနဆိုင်ရာ ဝန်ထမ်း (၃၅) ဦး၊ စုစုပေါင်းအင်အား (၄၆) ဦးအဖွဲ့က ကွန်ပျူတာအလုံး (၃၀) ဖြင့် သတ်မှတ်ကာလ တစ်လအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ယင်းပူးပေါင်းအဖွဲ့ဖြင့် နောက်တိုးအိမ်ထောင်စု လူဦးရေစာရင်း နှစ်သောင်းကျော်ကိုလည်း ရေးသွင်းဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးဇော်နိုင်သန်းထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)