ကျောင်းကုန်း အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ချောင်ကြီး အခြေခံပညာအထက်တန်းကျောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီ မိနစ် (၃၀) အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချောင်ကြီးအခြေခံပညာအ ထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးက အဖွင့်အမှာ စကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က "လူငယ်များဘဝတိုးတက်ဖို့ စာဖတ်ခြင်းဖြင့် မြှင့်တင်စို့" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုက ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း၏အချက်(၈)ချက်အား လည်းကောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးထွန်းထွန်းဝင်းက လူငယ်နှင့်အားကစား အခွင့်အလမ်းခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ပြီး၊ နည်းစနစ်မှူး ဦးတင်ထွဋ်က ဦးခေါင်းလေ့ကျင့်ခန်း၊ လက်လေ့ကျင့်ခန်းနှင့် ဒိုက်ထိုးနည်းများကို လက်တွေ့သင်ကြားပေးခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် အားကစားမှူး ဦးထွန်းထွန်းဝင်းက ဘောလုံး(၁)လုံးပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေး ကလက်ခံရယူခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍သုတ/ရသ စာအုပ်များ ဖတ်ရှုစေခဲ့ခြင်းနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးခြင်းစသည့် နံရံကပ်စာစောင်များ ပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)