ပေါက်ခေါင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ

ပေါက်ခေါင်း      အောက်တိုဘာ      ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖွဲ့စည်း၍ ကျေးရွာများအရောက်ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို  ယမန်နေ့နံနက် ၉ နာရီက သဖန်းချိုကျေးရွာအုပ်စု ကန်းနီကျေးရွာ၌ ကျင်းပပြုလုပ်သည်။

အဆိုပါကျေးရွာပြည်သူများနှင့်တွေ့ဆုံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအဖွဲ့များသည် တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုမြင့်မားရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အီးအမ်ဘိုကာရှီသဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ အပင်ကိုင်းကူးကိုင်းဆက်စိုက်ပျိုးနည်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသကြက်များရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းနှင့် နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆပ်ပြာဆီချက်လုပ်အသုံးပြုနည်းတို့ကို တက်ရောက်လာသည့်ဒေသခံပြည်သူများအား လက်တွေ့သရုပ်ပြသ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)