ရွှေတောင် အောက်တိုဘာ ၂၀
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကြာနီကန်ရပ်ကွက်၊ အင်ကြင်းစင် အ.မ.ကကျောင်းတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတို့အတွက် အသိပညာပေးအကြောင်းအရာများကို ဖြစ်ရပ်မှန်များဖြင့်အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်ပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က"မိအေးချက်သည့် ဟင်းတစ်ခွက်" စက္ကူပြဇာတ်ပြသပေးပြီး ရုပ်သံ (၃)ဒေါ်အေးအေးခိုင်မှ" ကြွက်မလေးရဲ့အိမ်ထောင်ဖက်"ပုံပြင်စာအုပ်ကိုပြောပြခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာနံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်နံရံကပ်စာစောင်အား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကိုဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)