မုံရွာ အောက်တိုဘာ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန Home Garden မှ ထွက်ရှိသော မှိုနှင့် အခြားဟင်းသီးဟင်းရွက်များကို Mobile စနစ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ဝန်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများအတွက် လှည့်လည်ရောင်းချခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန Home Garden မှ ထွက်ရှိသော ကောက်ရှိုးမှို၊ ငွေနှင်းမို၊ ကန်စွန်းရွက်၊ ခရမ်းသီးနှင့် ပဲသီးများကို တစ်ထုပ်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် စုစုပေါင်းလူဦးရေ ၁၀၀ ဦးကို ရောင်းချပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ဓာတုဆေးဝါးများ မပါရှိဘဲ သဘာဝအတိုင်း ထွက်ရှိသော မှိုများနှင့် အခြားသီးနှံများကို မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများနှင့် ရပ်ကွက်များမှ ပြည်သူများသို့လည်း အပတ်စဉ် ရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများအားလည်း မှိုမျိုးစေ့ထုတ်များလည်း စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးလျက် ရှိကြောင်းနှင့် စိုက်ပျိုးရေး နည်းပညာများကိုလည်း လက်တွေ့လေ့လာ၍ တစ်ပိုင်တစ်နိုင် စီးပွားဖြစ် လုပ်ကိုင်နိုင်ရန်အတွက် အထူးအလေးထား၍ မိမိတို့ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဆက်သွယ် လေ့လာနိုင်ပါကြောင်းနှင့် အသိပညာပေးခြင်းများကိုလည်း ဆက်တိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)