မယ်စဲ့ အောက်တိုဘာ ၃
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ စီးဆင်းမှုကြောင့် နမ့်ပိန်းလင်ကျေးရွာ မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်ရှိ မယ်ပါချောင်း ကွန်ကရစ်တံတား ချဉ်းကပ်လမ်း ရေတိုက်စားမှု ဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းလတ်၊ မြို့နယ်လမ်းဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသဖြင့် နမ့်ပိန်းလင်ကျေးရွာ၊ မယ်စဲ့-ဖားဆောင်းကားလမ်းပေါ်ရှိ မယ်ပါချောင်းကွန်ကရစ်တံတား ချဉ်းကပ်လမ်း (၄x၁၀) ပေခန့် ရေတိုက်စားမှုဖြစ်ပွားခြင်း၊ လျှပ်စစ်မီးတိုင်တစ်တိုင် လဲကျခြင်းနှင့် မယ်ဆည်နမ်ကျေးရွာတွင် နေအိမ် ၆ လုံး၊ နမ့်ပိန်းလင်ကျေးရွာတွင် နေအိမ် ၆ လုံး၊ စုစုပေါင်းနေအိမ် ၁၂ လုံး အတွင်းသို့ ရေဝင်ရောက်ခြင်းသို့ ဖြစ်ပွားခဲ့သည်။
အဆိုပါ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ကွန်ကရစ်တံတားနှင့် ချဉ်းကပ်လမ်းအား မြို့နယ်လမ်းဦးစီးဌာနက တံတားအခြေတိုင်များအား တုတ်ရိုက်၍ ကျောက်ခြင်းများ ပြုလုပ် ကာရံခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် ယာဉ်ငယ်များ သွာလာနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ ယခုအခါယာဉ်ငယ်များ ဖြတ်သန်းသွာလာနိုင်ပြီ ဖြစ်ကြောင်းနှင့် ယာဉ်ကြီးများသွာလာနိုင်ရေးအတွက် တံတားဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့မှ ဘေလီဘောင်ဖြင့် ယာယီတံတားထိုးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)