စလင်း စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကြို့ဝန်းကျေးရွာအုပ်စု၊ ကြို့ဝန်းကျေးရွာရှိ ဒေသခံပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် တာဝန်ရှိသူများ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ အချိန်က ကြို့ဝန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က ဒေသခံပြည်သူများနှင့် တွေ့ဆုံရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး စလင်းမြို့နယ် ခေတ္တရဲမှူး ကျော်ခိုင်စိုးက ကျေးလက်နေ ပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ပေးရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ ရာသီအလိုက် သီးနှံမျိုးစုံ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေးက မိမိတို့ဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း မှတ်ပုံတင်နိုင်ငံသားစိစစ်ရေးကတ်ပြားအကြောင်းနှင့် ဥပဒေများ၊ ပန်းခင်းစီမံချက်အား ဒုတိယအကြိမ် ထပ်မံပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့သည်။ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးခိုင်က ကြို့ဝန်းကျေးရွာအား မြစိမ်းရောင်စီမံကိန်းများဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာဒေသခံများ၏ ရွာခြင်းဆက်လမ်းများနှင့်ပတ်သက်၍ တောင်းဆိုမှုများအား ကဏ္ဍအလိုက် ဘဏ္ဏာနှစ်အလိုက် ဆောင်ရွက် ဖြည့်ဆည်းပေးမည်ဖြစ်သည့်အတွက် ကျေးရွာပြည်သူများကလည်း လိုအပ်လာပါက မိမိတို့မြေယာများအား လမ်းများအတွက် ဖြည့်ဆည်းပေးကြရန်နှင့် သောက်သုံးရေကန်အတွက် ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ပေးမည်တို့ကို ဆွေးနွေးခဲ့ပြီး လိုက်ပါလာကြသည့် ဌာနဆိုင်ရာများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မြေစာရင်အင်းဌာနနှင့် အပူပိုင်းစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဌာနအလိုက် ပြည်သူများအား ရှင်းလင်းဆွေးနွေးခဲ့ကြရာ ကျေးလက်နေပြည်သူတို့၏ ဆွေးနွေးတင်ပြချက်များကို ပြန်လည်ဖြေကြားကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က ဌာနဆိုင်ရာများနှင့် ပြည်သူတို့၏ ဆွေးနွေးတင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)