သထုံ စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့၊ နံနက်က ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့က သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ မြို့မစျေးရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ စျေးဝယ်လာကြသည့် ခရီးသွားပြည်သူများအား အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရေး စသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask (၂၀၀၀) ကျော်အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)