ကုန်ညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ မတ်လ(၁၆)ရက်နေ့တွင် စတင်အသက်ဝင်မည်

မုံရွာ  မတ်  ၁၃

ကုန်ညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များသည် မတ်လ(၁၆)ရက်နေ့တွင် စတင်အသက်ဝင်တော့မည်ဖြစ်ရာ လိုက်နာခြင်းမရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြစ်မှုအရ အရေးယူဆောင်ရွက်ရမည့် အနေအထားရှိလာနိုင်မည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန (နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်၏ ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ ခရိုင်စီမံခန့်ခွဲမှုကော်မတီရုံး မြသလ္လာခန်းမတွင် မတ်လ(၁၃)ရက်နေ့နံနက် (၉)နာရီက ကျင်းပသည့် စားသုံးသူဥပဒေနှင့်အညီ ကုန်စည်အမျိုးအစား အလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စားသုံးသူကာကွယ်ရေးဥပဒေအရ မတ်လ(၁၆)ရက်နေ့မှာစတင် အသက်ဝင်မှာဖြစ်ပါတယ်၊ ဒီပြဌာန်းချက်တွေဟာ ဥပဒေကြောင်းအရ ရဲအရေးပိုင်တဲ့ ပြစ်မှုတွေဖြစ်တော့ ကုန်ညွှန်း အမှတ်အသားဆိုင်ရာ ဖော်ပြခြင်းနဲ့ ပတ်သက်ပြီး အဓိကတာဝန်ရှိလာတဲ့သူတွေဟာ စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်တယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လေ့လာကြည့်ရသလောက် အတော်များများက ဥပဒေနဲ့အညီ ကုန်ညွှန်းအမှတ်အသားကို မြန်မာလိုဖော်ပြတာတွေကို လိုက်ပါ ပြင်ဆင်ဆောင်ရွက်နေတာကိုတွေ့ရတယ်၊ ဒီနေ့ကျင်းပတဲ့ပွဲရဲ့ အဓိကမှာ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ဥပဒေနဲ့အညီ ကုန်ညွှန်းအမှတ်အသားတွေကို ဖော်ပြနိုင်ဖို့၊ အဲဒီလိုဖော်ပြရင် ဘာအခက်အခဲတွေရှိမလဲဆိုတာကို သိနိုင်ဖို့ဘာဖြစ်လို့လဲဆိုတော့ ကုန်ညွှန်းအမှတ်အသားတွေက ကုန်စည်အားလုံးအပေါ်မှာ လွှမ်းခြုံပြီး ပြဌာန်းထားတာဖြစ်တဲ့အတွက် ထုတ်ကုန်လုပ်ငန်းအလိုက် သက်ဆိုင်တဲ့အချက်တွေရှိသလို မဆိုင်တဲ့အချက်တွေလည်း ပါလာနိုင်တဲ့အတွက်ဒါတွေကို မေးခွန်းမေးမြန်းပြီး ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ကျင်းပတာဖြစ်တယ်”ဟု စားသုံးသူရေးရာ ဦးစီးဌာန(နေပြည်တော်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ပြောသည်။

ကုန်ညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များအရ ပြစ်မှုပြစ်ဒဏ်များပြဌာန်းထားသဖြင့် ကုန်အညွှန်း ဖော်ပြချက်များ မကိုက်ညီခြင်း၊ ကုန်ညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြခြင်းမရှိသည့် ကုန်စည်များကို စစ်ဆေးတွေ့ရှိက အမြင့်ဆုံးထောင်ဒဏ် (၂)နှစ်၊ ငွေဒဏ်အဖြစ် ငွေကျပ်သိန်း(၂၀၀)အထိ ချမှတ်နိုင်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)