လွိုင်ကော် စက်တင်ဘာ ၃
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်စီစဉ်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကယားပြည်နယ် အတွက် မတည်ထောက်ပံ့ငွေအဖြစ် ပေးအပ်သော ကျပ်(၁၀)ဘီလီယံကို ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများတွင် သုံးစွဲရာ၌ချမှတ်ပေးထား သောအခြေခံမူများ၊ ညွှန်ကြားချက်များ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဘဏ္ဍာရေး ဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွက် အမှန်တကယ်အကျိုးရှိပြီး ကျေးရွာလူထု ကိုယ်တိုင်ပါဝင်သည့် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေး ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်နိုင်ဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ များကို သုံးစွဲရာတွင် ဆောင်ရွက်ရမည့် အခြေခံမူများ၊ ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် သက်ဆိုင်ရာဌာန အသီးသီးတို့က ဆောင်ရွက်ရမည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်း လုပ်ငန်းများ၊ ချေးငွေသက်တမ်းကာလ၊ အတိုးနှုန်းနှင့် အတိုးကောက်ခံမည့်ကာလ သတ်မှတ်ချက်များ၊ ချေးငွေဖြင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ သုံးစွဲခြင်းနှင့်ပတ်သက်၍ မရှင်းလင်း သည်များကို မေးမြန်းတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က တင်ပြဆွေးနွေးမှုအပေါ် ဆောင်ရွက် ရမည့်လုပ်ငန်းများနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)