ကယားပြည်နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ

လွိုင်ကော်       စက်တင်ဘာ   

ကယားပြည်နယ်၊ ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်()နာရီအချိန်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ၊ အနုပညာချစ်မြတ်နိုးသည့် တိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရှိစေရေးစသည့် ဦးတည်ချက်များနှင့်အညီ ယခု ၂၀၂၂ ခုနှစ်တွင် (၂၃) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုသုခမ ပညာရပ်များ အရှည်တည်တံ့စေရန် မျိုးဆက်သစ်လူငယ်များအား အမျိုးသားရေး တာဝန်တစ်ရပ်ဖြင့် လက်ဆင့်ကမ်း အမွေပေးရမည်ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို အကောင်းဆုံးဖော်ထုတ်ပြီး နိုင်ငံတကာအလယ်တွင် ဂုဏ်ထည်ဝါအောင် စွမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-ခုနှစ်၊ ကယားပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မြတ်မင်းမိုးနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ ဒုတိယဉက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် ဖျော်ဖြေရေးအဖွဲ့များက ကယားတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအက၊ ပွဲကြိုက်ခင် တေးသီချင်း (အဆို၊အက)  အမျိုးသမီးတပင်တိုင်တီးလုံးအက၊ အင်းသားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက၊ အမျိုးသားတပင်တိုင်တီးလုံးအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖျော်ဖြေရေးအကအဖွဲ့များနှင့် မြန်မာ့ရိုးရာဆိုင်းဝိုင်း အဖွဲ့သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲအကဲဖြတ် ဒိုင်အဖွဲ့များ၊ တိုင်းရင်းသား အကအဖွဲ့များ၊ ပြိုင်ပွဲဝင်အဖွဲ့များနှင့် ပြိုင်ပွဲဝင်မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြပြီး ပြိုင်ပွဲဝင်များ၏ ကဏ္ဍအလိုက် အဆို၊ အက၊ အရေး၊ အတီးပါဝင် ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ကယားပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ပြိုင်ပွဲကို ယနေ့စက်တင်ဘာလ ရက်နေ့တွင် သတ်မှတ်နေရာများဖြစ်သော ကယားပြည်နယ်ခန်းမ၌ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲ၊ လွိုင်ကော်မြို့နယ်ခန်းမတွင် အဆိုပြိုင်ပွဲနှင့် အရေးပြိုင်ပွဲများကို စုစုပေါင်း ပြိုင်ပွဲအမျိုးအစား (၂၄) မျိုးဖြင့် ပြည်နယ်အတွင်းရှိ အဆို၊ အက၊ ဂီတ၊ အနုသုခုမဝါသနာရှင် စုစုပေါင်း ပြိုင်ပွဲဝင်(၂၂၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ  ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဆုချီးမြှင့်ပွဲအခမ်းအနား၌ အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍအလိုက် ဆုပေါင်း (၆၂)ဆုကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)