ပွင့်ဖြူ မတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ယောစုကျေးရွာရှိ ဒေသခံ တောင်သူများသည် မုန်းချောင်းရေကို အမှီပြုပြီး မုန်းချောင်းတစ်လျှောက် ကိုင်း၊ ကျွန်းမြေများတွင် ၁၂ ရာသီ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် တောင်သူများ စမ်းသပ်စိုက်ပျိုးသည့် ခရမ်းညိုသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း အဆိုပါ ယောစုကျေးရွာမှ ခရမ်းညိုသီးစိုက်ပျိုးသည့် ဒေသခံ တောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ ပေါကြွယ်ဝမှုနှင့် ရာသီဥတု မျှတကောင်းမွန်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲ၊ နေကြာ၊ ကြက်သွန်၊ ခရမ်းချဉ်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးသည့်အပြင် ကြံစိုက်ခင်းများနှင့် ငှက်ပျော စိုက်ခင်းများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထို့အပြင် အချို့ကျေးရွာမှ ဒေသခံတောင်သူများက နှစ်ရှည်သီးနှံများ ဖြစ်သည့် လျှော်ဖြူ၊ သရက်၊ သနပ်ခါးနှင့် မန်ဂျက်ရှား စိုက်ခင်းများကိုလည်း စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြ ကြောင်း သိရသည်။
“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ယောစုကျေးရွာမှာရှိတဲ့ ဒေသခံ တောင်သူတွေဟာ မုန်းချောင်းရေကို အမှီပြုပြီး မုန်းချောင်းတစ်လျှောက်မှာရှိတဲ့ ကိုင်းမြေ နဲ့ ကျွန်းမြေများတွင် ၁၂ လရာသီ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြ ပါတယ်။ ယခုနှစ်မှာ ကျွန်တော်တို့ကျေးရွာက တောင်သူအချို့ စမ်းသပ်စိုက်ပျိုးတဲ့ ခရမ်းညိုသီး စိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်း ပါတယ်။ ဒီခရမ်းညိုသီးမျိုးကို တစ်ချို့ကလည်း သပြေ ခရမ်းညိုသီးလို့လဲ ခေါ်ကြပါတယ်။ တောင်သူအများစု စိုက်ပျိုးကြတဲ့ သီးနှံတွေထဲမှာ ခရမ်းညိုသီးကို စိုက်ပျိုးတဲ့တောင်သူက နည်းပါးတယ်။ ကျွန်တော်တို့ကျေးရွာမှာ ခရမ်းညိုသီး စိုက်ပျိုးတဲ့တောင်သူ (၄ ၊ ၅)ဦးလောက်ပဲ စိုက်ပျိုးပါတယ်။ ခရမ်းညိုသီးဟာ ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုလည်း ရှိပါတယ်။ ဈေးနှုန်း ကလည်း လက်ရှိမှာ တစ်ခြား ခရမ်းသီးတွေထက် ဈေးနှုန်းပိုရပါတယ်။ ခရမ်းညိုသီးတစ်လုံးကို ငွေကျပ် ၂၅၀ ရောင်းရပါတယ်။ ကိုင်းတက်ပွားသီးတွေ ဆိုရင်တော့ အလုံးသေးတော့ ပိဿာချိန်နဲ့ ရောင်းရပါတယ်။ တစ်ပိဿာကို ငွေကျပ် ၁၅၀၀ နဲ့ ရောင်းချရ ပါတယ်။ ခရမ်းညိုသီးကို အကြိုက်တွေ့ပြီး ဝယ်ယူစားသုံးသူများလို့ မင်းဘူးမြို့ရှိ ကုန်းစိမ်းပွဲရုံတွေက ရသလောက် ဝယ်ယူကြပါ တယ်။ ကျွန်တော်ကတော့ ခရမ်းညိုသီးကို မနှစ်ကမှ စပြီး စိုက်ပျိုးတာဖြစ်လို့ အပင်အရေအတွက် သိပ်မများပါဘူး။ တစ်ချို့တောင်သူတွေကတော့ အပင်ရေ ၂၀၀၀ ကျော်လောက် စိုက်ပျိုးကြပါတယ်။ ဈေးနှုန်းကောင်းတဲ့အတွက် ခရမ်းညိုသီး စိုက်ပျိုး တောင်သူတွေ စီးပွားရေးတွက်ခြေကိုက်ပြီး အရမ်းကို အဆင်ပြေ နေကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြို့နယ်အတွင်းမှာရှိတဲ့ တောင်သူများအနေနဲ့ ဟင်းသီးဟင်းရွက်သီးနှံစားပင်များကို စိုက်ပျိုးရာမှာ ဈေးနှုန်းကောင်းတဲ့ ဒီ ခရမ်းညိုသီးကို တွင်ကျယ်စွာ အားထားစိုက်ပျိုးကြစေလိုပါတယ်” ဟု ပွင့်ဖြူမြို့နယ် ယောစုကျေးရွာမှ ခရမ်းညိုသီး စိုက်ပျိုးတောင်သူ ဦးသန်းထွန်းဦးက ပြောသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေပေါကြွယ်မှုကြောင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ထိုသို့ သီးနှံများစိုက်ပျိုးရာတွင် သီးနှံဈေးနှုန်းများကို လေ့လာပြီး မိရိုးဖလာ စိုက်ပျိုးလုပ်ကိုင်သည့် သီးနှံများကို စိုက်ပျိုးခြင်းမျိုး မဟုတ်ဘဲ တောင်သူသီးနှံဝင်ငွေ ပိုမိုရရှိစေမည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးရန်လည်း လိုအပ်လျက်ရှိရာ ယခုကဲ့သို့ ဈေးနှုန်းကောင်းမွန်သော ခရမ်းညို သီးများကို တွင်ကျယ်စွာ စိုက်ပျိုးမည်ဆိုပါက စီးပွားရေး ပိုမိုတွက်ခြေကိုက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။
ရဲဝင်းနိုင် (ညောင်ဦး)