ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာသွားလာနေသော ပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ရှားတော  စက်တင်ဘာ ၁၄


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြန်ဆန်လာသဖြင့် ကယားပြည်နယ်၊ ရှားတောမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေ သော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန်က လူသွားလူလာများသော ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတွင် အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသော မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ် ကြက်ခြေနီ အဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတွင် သွားလာနေသော ပြည်သူများအား မိမိတို့ နေအိမ်ပြင်ပကို ထွက်ခွာသွားလာပါကမဖြစ်မနေ Mask တပ်ဆင်သွားလာရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားပြီး Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask(၂)ခုကိုငွေကျပ် (၁၀၀၀) နှုန်းဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထွန်းအောင်(ပြန်/ဆက်)