ဘောလခဲ စက်တင်ဘာ ၁၄
ကယားပြည်နယ် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေ ရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်မပြတ် ဆက်လက်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
မိမိတို့ အနီးပတ်ဝန်းကျင်မြို့ရွာများတွင် လူအဝင်အထွက် သွားလာခြင်းကို ကန့်သတ်မှုများ၊ မြို့အဝင် အထွက် lockdown ချခြင်းများ၊ ခရီးသွားလာမှု ကန့်သတ်ထားရှိခြင်းများ စသည်တို့ကို ဆောင်ရွက် လျက်ရှိရာ ဘောလခဲမြို့၏ နှမ်းသီးနှံရိတ်သိမ်းချိန် လာရောက်လုပ်ကိုင်သူများအနေဖြင့် မိမိတို့နေထိုင် ရာမြို့ရွာများသို့ အချိန်မီ နေရပ်ပြန်နိုင်ရေးအတွက် ယခုကာလတွင် သွားလာမှုပိုမိုများပြားလျက်ရှိသည် ကိုတွေ့ရှိရသည်။
ထိုကြောင့် ဘောလခဲခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောမောရှည်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ခရိုင်မှူး ဦးသိန်းတန်နှင့် တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် တာဝန်ရှိသူများ၊ ဌာနအသီးသီးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ယာဉ်ထိန်းတပ်ဖွဲ့များ၊ NGO အဖွဲ့အစည်းများ ပါဝင်ပူးပေါင်း၍ မြို့အဝင်/အထွက်ဂိတ် နေရာတွင် ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေးပြီး Mask တပ်ဆင်ခြင်းမရှိသူများအား Mask နှစ်ခုကိုတစ်ထောင်ကျပ်နှုန်းဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင် စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် မှတ်တမ်းထားရှိခြင်း၊ ကျန်းမာရေးအတွက် လက်ဆေးစေခြင်းကို စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။
ဖိုးရယ်