ကယားပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုများအား ကြည့်ရှုအားပေး

လွိုင်ကော် ဩဂုတ် ၃၀

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော်၊ ဓမ္မာရုံနှင့် သာသနာ့ဗိမာန်တော်ကြီး၌ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနေမှုများအား ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး ထိုးနှံပြီးစီး သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်များကို ပြည်သူများအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်ထိုးနှံပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)