ကယားပြည်နယ်ဝန်ကြီးချုပ်  လွိုင်ကော်စိုက်ပျိုးရေးသုတေသနခြံသို့ သွားရောက်၍ ဒေသနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းမွန်သည့် မျိုးစေ့များထုတ်လုပ်နိုင်ရေးမှာကြား

လွိုင်ကော် ဩဂုတ် ၂၈

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ လွိုင်ကော်စိုက်ပျိုး ရေးသုတေသနခြံသို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ လွိုင်ကော်စိုက်ပျိုးရေးသုတေသနခြံမှ တာဝန်ခံဦးတင်မောင်ဆင့်က ၂၀၂၂ ခုနှစ် မိုးရာသီတွင် အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ မတ်ပဲ၊ ယာစပါးသီးနှံမျိုးများကို စမ်းသပ်သုတေသနပြု စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်က စိုက်ပျိုးရေးသုတေသနခြံမှ စမ်းသပ်အောင်မြင်သည့်မျိုးစေ့များကို တောင်သူများ လက်ဝယ်သို့ ရောက်ရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးမှု၊ သီးနှံအထွက်နှုန်း တိုးစေရေး အတွက် နည်းပညာပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍမှအဓိကထား ဖော်ဆောင်နိုင်ရေး၊ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း နှင့် ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော မျိုးများကို တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးရေး၊ နည်းပညာများ အသိပညာပေးရေးကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများက စိုက်ပျိုးရေး ရာသီအမီ ကြိုတင်စီမံဆောင်ရွက်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များရှိပါက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်စိုက်ပျိုးရေး သုတေသနခြံအတွင်းရှိ စိုက်ကွင်းများတွင် စမ်းသပ်သုတေသနပြု မျိုးစေ့များမှ စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်း၊ ပဲပုတ်၊ မတ်ပဲ၊ ယာစပါးစသည့် စိုက်ခင်းများ၏ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

လွိုင်ကော်စိုက်ပျိုးရေး သုတေသနခြံအနေဖြင့် ၂၀၂၂ခုနှစ် မိုးရာသီတွင် လွိုင်ကော်မြို့၌ အစေ့ထုတ်ပြောင်း သုတေသနလုပ်ငန်း စမ်းသပ်ကွက် (၅) ကွက်မှ စုစုပေါင်းမျိုးအရေအတွက် (၆၅)မျိုး၊ ပဲပုပ်သုတေသန စမ်းသပ်ကွက် (၅) ကွက်မှ စုစုပေါင်းမျိုးအရေအတွက် (၃၀)မျိုး ၊ မတ်ပဲသုတေသနလုပ်ငန်း စမ်းသပ်ကွက် (၂) ကွက်မှ စုစုပေါင်းမျိုးအရေအတွက် (၁၈)မျိုး ၊ ယာစပါးသုတေသနလုပ်ငန်း (၁)ကွက်မှ စုစုပေါင်းမျိုး အရေအတွက် (၁၈)မျိုးကို သုတေသနပြုစမ်းသပ်စိုက်ပျိုးထားရှိပြီး အဆိုပါမျိုးစေ့များကို တောင်သူများလက်ဝယ်သို့ စိုက်ပျိုးရာသီအမှီ ရောက်ရှိနိုင်ရေးနှင့် စိုက်ဧကအထွက် တိုးကောင်းစေရေးအတွက် တောင်သူအသိပညာပေး စိုက်ပျိုးရေးနည်းလမ်းများကို စိုက်ပျိုးရေးဦးစီးဌာန နှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)