လွိုင်ကော် ဩဂုတ် ၂၆
စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်များအတိုင်း စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက် (၇)နာရီ အချိန်က လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး)ရှိ အသား၊ ငါးများသန့်ရှင်း လတ်ဆတ်မှုရှိမရှိနှင့် သန့်ရှင်းသော ရောင်းချမှုစနစ်ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်ဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်ရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ ဈေးများ၊ ရပ်ကွက်များတွင် အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)