လွိုင်ကော်မြို့၌ နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် ပတ်သက်၍ ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လွိုင်ကော်       ဩဂုတ်   ၂၅

နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့်ပတ်သက်၍ ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်စီစဉ်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကယားပြည်နယ်အတွက် မတည်ထောက်ပံ့ငွေအဖြစ် ပေးအပ်သောကျပ် (၁၀)ဘီလီယံကို ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် သတ်မှတ်ကာလအတွင်း ချမှတ်ပေးထားသော အခြေခံမူများ၊ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွက် အမှန်တကယ်အကျိုးရှိပြီး ကျေးရွာလူထု ကိုယ်တိုင်ပါဝင်သည့် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေး၊ နိုင်ငံတော်၏ စီးပွားရေး အခြေအနေကို ပြန်လည်မြှင့်တင်ရာတွင် ပြည်နယ်အနေဖြင့် တစ်ဖက်တစ်လမ်းမှ အကျိုးပြု ဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးက အရှိန်အဟုန်ဖြင့် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်ပေးမည့် နည်းလမ်းများ၊ မြို့နယ်များအလိုက် ဆောင်ရွက်မည့်ကျေးရွာများ၊ ကျေးရွာများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြဆွေးနွေးမှုအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများအလိုက် ညွှန်ကြားချက်များနှင့်အညီ ကော်မတီများဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ရန်၊ မြို့နယ်နှင့် ကျေးရွာများ အလိုက် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်းအစီအမံများ ရေးဆွဲတင်ပြရန်၊ ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့က လုပ်ငန်းလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ကိုဇင်(လွိုင်ကော်)