ကယားပြည်နယ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးနာယက ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော်       ဩဂုတ် ၂၂

(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်ထောင်စုအဆင့်တွင် အောင်မြင်စွာ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကယားပြည်နယ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး နာယကဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် ပြည်ထောင်စုအဆင့်သို့  ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အနုပညာ အရည်အသွေး ပြည့်မှီသော ပြိုင်ပွဲဝင် အနုပညာရှင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စုဖွဲ့ရွေးချယ်လေ့ကျင့်ပြီး ပြည်ထောင်စုအဆင့်တွင် အောင်မြင်မှုရရှိသည်အထိ မျှော်မှန်းပြီး ဆောင်ရွက်ကြရန်၊ ရွေးချယ်ခံရသူများအား ပြိုင်ပွဲအမျိုးအစားအလိုက် နည်းပြများဖြင့် အနီးကပ်နေ့စဉ် လေ့ကျင့်သင်ကြားပေးကြရန်၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှလည်း ပြိုင်ပွဲဝင်များ၏ လိုအပ်ချက်များကို အင်တိုက်အားတိုက် ဖြည့်ဆည်းပေးကြရန် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး က ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးနှင့် ပြည်ထောင်စုအဆင့်ပြိုင်ပွဲတွင် အရည်အချင်းပြည့်မှီစွာ သွားရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရရှိနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြကာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက် ထားမှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များနှင့် ပညာရှင်များက လုပ်ငန်းအလိုက် ဆောင်ရွက်ထားသည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေး တင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)