ရေဦး မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးသန်းညွန့်ဝင်းသည် တိုင်းဒေသကြီး၀န်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ယမန်နေ့ညနေ ၂ နာရီက ရေဦးမြို့နယ်လုံး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမှကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မာင်မြင့်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်း တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး၀န်ကြီးက ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပြန့်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်အဆုပ်ရောင်ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ “WHO” မှ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် သတ်မှတ်ထားကြောင်း၊ နိုင်ငံတော် အနေဖြင့် ကာကွယ်ထိန်းချုပ် ကုသရေးဗဟိုကော်မတီကို အမျိုးသားအဆင့် ဗဟိုကော်မတီအဖြစ် တိုးမြှင့်ဖွဲ့စည်းပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေဦးမြို့နယ်အနေဖြင့်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက် မပြန့်ပွားစေရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ ပူးပေါင်းပါ၀င် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာအောင်ကျော်နိုင်က တိုင်းဒေသကြီးကုသရေး ဦးစီးဌာန၏ လမ်းညွှန်ချက်များ၊ မြို့နယ်အဆင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကော်မတီဖွဲ့စည်းထားရှိမှုနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ စည်ပင်သာယာရေး ကော်မတီ၀င်များ၊ ဆရာ၀န်များ၊ ပုဂ္ဂလိကဆေးရုံတာ၀န်ခံများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူများ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လူမှုကူညီရေး အသင်းတာ၀န်ရှိသူများက ရောဂါထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်နည်းဖြစ်သော ဆပ်ပြာဖြင့် လက်ဆေးခြင်းကို အများပြည်သူ ၀င်ထွက်သွားလာနေသာ နေရာဌာနများ၊ ဈေး၊ ကားဂိတ်၊ စားသောက်ဆိုင်များအနီးတွင် လက်ဆေးရေစင်များထားရှိရေး၊ လူစုလူဝေးမပြုလုပ်စေရေး၊ “PPE” ၀တ်စုံများပြည့်စုံစွာ ရှာဖွေစုဆောင်းထားရှိရေးနှင့် ဆေးရုံတက်လာသော သံသယလူနာများအား သီးသန့်လူနာဆောင်တွင် ကျန်းမာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စမ်းသပ် စစ်ဆေးကုသသွားရန်၊ ဆေးရုံအတွက်လိုအပ်ပါက အားလုံးပူးပေါင်းပါ၀င် ဆောင်ရွက်သွားရေးတို့ကို အသီးသီးတင်ပြဆွေးနွေးခဲ့ပြီး အဆိုပါလုပ်ငန်းများကို မတ်လတတိယပတ်မှစ၍ အကာင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)