ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးပြုလုပ်

လွိုင်ကော် ဩဂုတ် ၁၇

ကယားပြည်နယ်၊ လွိုင်ကော်မြို့ လွိုင်ကော်မူလတန်းကြို ကျောင်းခန်းမ၌ ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းဝေးကို  ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ကယားပြည်နယ် သက်ကြီး ရွယ်အိုများဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး  ဦးအောင်ဝင်းဦးက သက်ကြီးရွယ်အိုများအား ထောက်ပံ့ရေးနဲ့ ကြည့်ရှုစောင့် ရှောက်ရေးဆိုင်ရာစီမံကိန်းနှင့် စီမံချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသ၏ဓလေ့ ထုံးတမ်း၊ လူမှုအဖွဲ့အစည်း ကျင့်စဉ်များနှင့် လိုက်လျောညီထွေရှိစေမည့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးအစီအစဉ်များ ချမှတ်၍ ဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေပါ ရည်ရွယ်ချက်များ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများဖြစ်သည့် အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေးနှင့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးတို့တွင် သင့်လျော်သော အထောက်အပံ့ရရှိခွင့်၊ ဘာသာရေးအရ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ တစ်သီးပုဂ္ဂလ လွတ်လပ်ခွင့်၊ မိမိဘဝအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရန် ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည် နိုင်ခွင့်များရရှိအောင် ဆောင်ရွက် ပေးရမှာဖြစ်ပါကြောင်း၊ ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များအနေဖြင့် သက်ကြီးဘိုး/ဘွားများအတွက် အထောက်အပံ့ ကောင်းများဖြစ်စေမည့် သက်ကြီးသူများအား အကူအညီ စောင့်ရှောက်ရေး အဖွဲ့များ ပေါ်ပေါက်လာစေရေး၊ သက်ကြီးရွယ်အိုများ အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနိုင်ရေး၊ ဥပဒေပါအခွင့်အရေးများကို ရရှိခံစားနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ရန် အဖွင့်အမှာစကားတွင်ပြောကြားသည်။

ဆက်လက်ပြီး ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ကယားပြည်နယ် လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများ အားရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့်  သက်ကြီးရွယ်အို များဆိုင်ရာ ကော်မတီဝင်များမှ ဌာနများနှင့် အဖွဲ့အစည်းများအလိုက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို အသီးသီးဆွေးနွေး တင်ပြခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)