မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မယ်စဲ့ ဩဂုတ် ၁၇

ကယားပြည်နယ်၊  မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား ယမန်နေ့က မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၅၂.၆ သန်းဖြင့် ဘုန်းပြည့်မင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် မြို့နယ်အားကစားကွင်း ပွဲကြည့်စင် အလျား ၅၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၇ ပေ အဆောင်နှစ်ဆောင် ဆောက်လုပ်နေမှုအား မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးရေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲကြည့်စင်မှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခု ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ တည်ဆောက်မှု လုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)