မယ်စဲ့ ဩဂုတ် ၁၇
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသတွင်းဆန်စားသုံးမှု ဖူလုံစေရေးအတွက် ယခုနှစ်မိုးရာသီ၌ တောင်ယာနှင့် လယ်ယာမြေများတွင် မိုးစပါး ၁၄၉၇ ဧက စိုက်ပျိုးပြီးစီးပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မိုးစပါးကို တောင်ယာများတွင် ဇွန်လနှင့် လယ်မြေများတွင် ဇူလိုင်လတွင် စတင်စိုက်ပျိုးကြရာ ဒေသခံတောင်သူများအနေဖြင့် တောင်ယာစပါးကို ပေါက်တူးဖြင့်ပေါက်၍ ကြဲပက်စိုက်ပျိုးပြီး လယ်မြေစပါးကို မိုးရေ၊ ချောင်းရေတို့ဖြင့် ပျိုးထောင်စိုက်ပျိုးကြသည်။ မိုးစပါးကို ဒေသခံပြည်သူများ အများဆုံး စားသုံးသည့် ထိုင်း ၂၁၊ ရွှေရင်အေး၊ ပြည်တော်ရင်နှင့် ထိုင်းမွေးစပါးများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။
မယ်စဲ့မြို့နယ်၌ မိုးစပါး စံပြကွက်ကို တောင်သူဦးစိုင်းရွှေ၏ လယ်မြေ ၄ ဧကနှင့် တောင်သူ ဦးစန်းအောင်လှ၏ လယ်မြေ ၆ ဧကတို့တွင် စိုက်ပျိုးထားပြီး စိုက်စနစ်မှန်ကန်မှု၊ ပိုးမွှားရောဂါကျရောက်မှုနှင့် မြေဩဇာကို အချိန်နှင့်တစ်ပြေးညီ သုံးစွဲနိုင်ရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးစပါး စိုက်တောင်သူများကို သဘာဝမြေဩဇာများ ဖြန့်ဖြူးပေးခဲ့ကြောင်း၊ တောင်ယာ ၈၀၈ ဧက၊ လယ်မြေ ၆၈၉ ဧက၊ စုစုပေါင်း မိုးစပါး ၁၄၉၇ ဧက စိုက်ပျိုးပြီးစီးကြောင်းနှင့် ထွက်ရှိလာသည့် မိုးစပါးများကို ဒေသတွင်း၌သာ ဖြန့်ဖြူးရောင်းချကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)