ပန်းတနော်မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြ

ပန်းတနော် သြဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်ပန်းတနော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၏ အမှတ် (၅၇)စက်မှု လယ်ယာစခန်းမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ရေလဲနှဲကော ကျေးရွာအုပ်စု ရေလဲတောင်စုကျေးရွာ အ.ထ.က ကျောင်းမြေတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်သက်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူ လယ်သမားများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူးမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ မျိုးထောင်ဧရိယာအနည်းငယ်သာ လိုအပ်ခြင်း၊ ပျိုးပင်များ နုတ်ယူရန် မလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များ ရရှိရခြင်း၊ ကောက်စိုက်ရာတွင် လူအင်အား အသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့်သက်သာ စိုက်ပျိုးနိုင်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါး အထွက်နှုန်းကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စပါးစိုက်ခင်းအား ရိတ်စက် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်း၊ ကြားပေါင်းလိုက်ကိရိယာများဖြင့် အလွယ်တကူ ပေါင်းရှင်းနိုင်ခြင်း စသည့် ရရှိလာမည့် အကျိုးကျေးဇူးများအား အကျယ်တဝင့် ရှင်းလင်းဆွေနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)