မော်လမြိုင် ဩဂုတ် ၁၆
မွန်ပြည်နယ်အတွင်း ဒေသဝမ်းစာဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်ရေးလုပ်ငန်း အကောင်ထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြည်နယ်အတွင်း သီးနှံစိုက်စွမ်းအား တိုးတက်စေရန် စိုက်ပျိုးမြေများအား သီးထပ်၊ သီးညှပ် စိုက်ပျိုးနိုင်ရေးအပြင် လစ်လပ်မြေ နေရာများကိုပါ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး သီးနှံ အထွက်နှုန်းတိုးတက်ထုတ်လုပ်ရုံမျှမက တောင်သူများဝင်ငွေတိုးစေရန်အတွက် အထွက်နှုန်းကောင်းမွန်သည့်မျိုးစိတ်များ၊ မြေဩဇာများ၊ စိုက်ပျိုးရေးနည်း စနစ်ကောင်းများကို အဖက်ဖက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးစပါးရာခိုင်နှုန်း ပြည့်မီအောင် စိုက်ပျိုး ထားရှိရန်လိုအပ်သလို အလားတူ နွေစပါးကိုလည်း ရာခိုင်နှုန်းပြည့်မီစွာ စိုက်ပျိုးထားရှိနိုင်ရန်လိုအပ်ပြီး ဆီနှင့်ဆီထွက်သီးနှံများ၊ ဒေသထွက်သီးနှံများကို ဒေသတွင်းစားသုံးမှု ဖူလုံမှုရရှိစေရေးအတွက် အလေးထားစိုက်ပျိုး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စပါးစိုက်တောင်သူများ၏ လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေး သွင်းအားစုများအတွက် လိုအပ်သည်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ထိုနောက် တက်ရောက်လာသည့် တာ၀န်ရှိသူများက လက်ရှိဒေသ ဝမ်းစာဖူလုံမှုရှိစေရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ လယ်ယာကဏ္ဏဖွံ့ဖြိုးတိုးတက်မှုနှင့် စိုက်ပျိုးစရိတ်ချေးငွေ လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ယခုနှစ်အတွင်း အောင်မြင်တိုးတက်လျက်ရှိသည့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်