ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ကြိုပင်ကောက် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေခြည်နုက အနာဂတ်သားကောင်းရတနာများ ဖြစ်ပေါ်လာမည့် ကလေးငယ်များ အာဟာရဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေရေးအတွက် ယခုဩဂုတ်လအတွင်း အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်နေပါကြောင်း ယခုအခမ်းအနားတွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် အားရှိစေမည့် အစားအစာများ လက်ဆောင်ပေးခြင်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါက်တာ ခိုင်သဉ္ဇာက ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးနှင့်ပတ်သက်သော ဆောင်ရန်ရှောင်ရန် အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက အခမ်းအနား တက်ရောက်လာကြသော မိခင်လောင်းနှင့် မိခင်များအား အားရှိစေမည့် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကြို့ပင်ကောက်မြို့ရှိ ကိုယ်ဝန်ဆောင်မိခင် ၈၀ ဦးခန့်နှင့် နို့တိုက်မိခင် ၇၀ ဦးခန့်တို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့က ကူညီစောင့်ရှောက်ပေးပြီး ကျန်းမာသန်စွမ်းသော သားကောင်းရတနာလေးများ မွေးဖွားနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)