သရက် ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာမူလတန်းကျောင်း အနောက်ရပ် ပြည်တော်အေးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်သဲအိကကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံ အိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ပြောကြားခဲ့သည် ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ KGမှ Grade5 အထိကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာရေး စစ်ဆေးပေးခြင်း၊ KG ကျောင်းသား/ ကျောင်းသူများအား တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များ ဖြည့်သွင်းပေးခဲ့သည်။
ကျောင်းကျန်းမာရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဩဂုတ်(၁၅)ရက်မှ (၂၄)ရက်နေ့အထိ သရက်မြို့နယ်အတွင်း အခြေခံ ထက်/ လယ်/ မူကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်) ကျောင်းများသို့ ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ရက်အလိုက် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)