ထန်းတပင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ထန်းတပင်(ပဲခူး)  ဩဂုတ်  ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ မြို့နယ်တာဝန်ရှိသူများက မြို့တွင်းဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီဈေးနှုန်းပြောင်းလဲလာနိုင်မည်ဟု ယူဆပြီး မိမိတို့အကျိုးစီးပွားကို မျှော်လင့်၍ စက်သုံးဆီပြတ်လပ်သည် သို့မဟုတ် လက်ကျန်နည်းပါးသည်ဟုပြောဆို ရပ်တန့်ခြင်းနှင့် အကန့်အသတ်ဖြင့် ရောင်းချခြင်းများ၊ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်းများ မပြုရေး၊ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချရေးကို ကြိုးပမ်းဆောင်ရွက်ရေး၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုရေး၊ မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုလိုက်နာဆောင်ရွက် သွားရန်လိုကြောင်း လုပ်ငန်းရှင်များနှင့် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအလိုက် စက်သုံးဆီ ပြတ်လပ်မှုမဖြစ်ပေါ်ရေး၊ ဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ ဆီချိန်တွယ်မှုများ၊ မီးဘေးလုံခြုံမှု ရှိ၊ မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ၊ မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန် ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)